မြင်းခြံ၊ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်ကွက်ကျေးရွာကော်မရှင်ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်ကစတင်ကာ မြင်းခြံမြို့ အခြေခံပညာအထက်တန်း ကျောင်း အမှတ်(၄) သီတဂူဆောင်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁) နေရာအတွက် ရပ်ကွက် ကျေးရွာအုပ်စု (၄၅) စုမှ သင်တန်းသား (၉၀) ဦး တက်ရောက်ပြီး အခန်း (၃) ခန်းခွဲကာ ရပ်ကွက်ကျေးရွာကော်မရှင် အဖွဲ့ခွဲဝင်များ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မဲစာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲများ လိုက်နာ စောင့် ထိန်းရမည့်ကျင့်ဝတ်များ စသည့် အကြောင်းအရာဘာသာရပ်များကို သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကို (၂) ရက်တာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ဌေးဝင်းက ပြောသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲတွင် မြင်းခြံမြို့နယ်အနေဖြင့် လက်ရှိစာရင်းများအရ မဲရုံပေါင်း (၂၇၆) ရုံရှိပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူလူဦးရေမှာ ၂ သိန်း ၂ သောင်းကျော်ခန့်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)