မိုင်းလုံမြို့ ရသေ့တောင်ပေါ်တွင် တည်ထားကိုးကွယ်သော လွယ်ကော်မိန်းစေတီတက်သော လမ်းအား ကွန်ကရစ်ခင်းရာ ပြည်သူများမှ ကုသိုလ်ယူဆောင်ရွက်

မိုင်းလုံ  အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အဝင်ရှိ ‌ရသေ့တောင်ပေါ်တွင် တည်ထား ကိုးကွယ်သော လွယ်ကော်မိန်းစေတီ တက်သောလမ်း အကျယ်(၁၀)ပေ အရှည် (၅၀၀) ပေခန့်ရှိသောလမ်းအား ကွန်ကရစ်လမ်းခင်းရာ ပြည်သူများစုပေါင်း၍ ယနေ့နံနက် (၈)နာရီအချိန့်တွင် သွားရောက်ကုသိုလ်ယူဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ မိုင်းလုံမြို့ပေါ်(၆)ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုယ်စီ တာဝန်ယူဦးဆောင်ပြီး ဈေးရပ်ကွက်နှင့်အလယ်ရပ်ကွက်ကို (၁)ရက်စီတာဝန်ယူစေရာ ကျန်ရှိသော အထက်ရပ်ကွက်၊ အောက်ရပ်ကွက်၊ ခန္တီရပ်ကွက်၊ နမ့်ပိန်ရပ်ကွက်တို့ကို တစ်ရပ် ကွက်လျှင်(၂)ရက်တာဝန်ယူဆောင်ရွက်မည်ဖြစ်၍ ယနေ့တွင် အလယ်ရပ်ကွက်နေပြည်သူ (၄၀)ဦးခန့် သွားရောက်ကုသိုလ်ယူဆောင်ရွက်ခဲ့ကြသည်။

ကွန်ကရစ်လမ်းခင်းရာတွင် နေ့လည်စာ ထမင်းဟင်းကိုအလှူရှင်များကစုပေါင်း၍ လမ်းခင်းပြီး သည့်အထိ လှူဒါန်းမည်ဖြစ်ပြီး လုပ်အားပေးကိုရပ်ကွက်များမှ အလှည့်ကျ တာဝန်ယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ရသေ့တောင် ဂေါပကကော်မတီထံက သိရသည်။

ဇော်ဇော်(ပြန်/ဆက်)