ရွှေပြည်သာမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ရွှေပြည်သာ အောက်တိုဘာ ၂၀

ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာဖတ်သည့်အလေ့အထများရှိလာစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊  ရွှေပြည်သာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူတို့ ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီက"စာရေးဆရာမြင်းခြံကျော်အောင်(ခ)သန်းထက်စံ "ရေးသားသော "ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်"စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး "စာရေးဆရာမြင်းခြံကျော်အောင် (ခ)သန်းထက်စံ "ရေးသားသော "ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်"စာအုပ်အခန်း(၁)တွင်ပါရှိသည့် အတိုးတက်ဆုံးလူ၊ အခန်း(၃)တွင်ပါရှိသည့် ငါကြီးပွားမယ့်လူလား၊ အခန်း(၇)တွင်ပါရှိသည့် ပင်စင်စားများချမ်းသာဖို့အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍"စာအုပ်စာစောင်ချစ်မြတ်နိုးသူ ဒေါ်ပြည့်သစ်သစ်ငြိမ်းက အခန်း(၅ )တွင်ပါရှိသည့် ဘယ်သူမှ မွေးကတည်းက လူတော်ဖြစ်မလာခေါင်းစဉ်မှ ကမ္ဘာ့အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာတဲ့ဆန်နာမာရင်ရဲ့အကြောင်းကို ဖတ်ကြားဆွေးနွေးပြီး ဒေါ်ခင်သန္တာဝင်းကလည်း စာအုပ်ပါအကြောင်းအရာများနှင့် မိမိသိရှိထားသည်များကို စပ်ဆက်၍ ထပ်မံရှင်းလင်းဆွေးနွေး ပေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူတို့က စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများ၊ အသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်ပေးခြင်း၊ စာဖတ်ပရိသတ်စာပေဝါသနာရှင်များ စာဖတ်သည့်အလေ့အကျင့်များ အားကောင်းလာစေရန်၊ စာပေမှရရှိသည့်အသိဖြင့် သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အေးမိုး(ပြန်/ဆက်)