ဒဂုံတောင် အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာစေရေး မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၁၁:၀၀)အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ကြောင်းသိရသည်။
ရှေးဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ဦးသက်ဝေမောင်က ရပ်ကွက်စာကြည့်တိုက်များအနေဖြင့် ယခုလိုအချိန်မှာ စာကြည့်တိုက်တွေပြန်လည်ဖွင့်လှစ်စေချင်ပေမယ့် အခက်အခဲများစွာဖြစ်ပေါ်နေသည်ကို သိရှိပါတယ် သို့သော်လည်း စာကြည့်တိုက်များ အချိန်ကြာမြင့်စွာ ဖွင့်လှစ်မထားသည့်အတွက် ပျက်စီးယိုယွင်းမှုများ များစွာဖြစ်ပေါ်နိုင်ပါကြောင်း ထို့ကြောင့်လိုအပ်ချက်များအား သိရှိနိုင်ရေး ကွင်းဆင်းစစ်ဆေးသွားကြမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်သန်းသန်းအေးက မြို့နယ်စာကြည့်တိုက်ကော်မတီဝင်များအား စာကြည့်တိုက်ဥပဒေ၊ နည်းဥပဒေများအား ဖြန့်ဝေပေးပြီး စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာစေရေးအတွက် နည်းပညာပိုင်းလိုအပ်မှုများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှိပါက မိမိတို့အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက်ကော်မတီဝင်များမှလည်း လိုအပ်ချက်များအား ဆက်လက်ဆွေးနွေးတင်ပြကြကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်ကော်မတီအစည်းအဝေးကို မြို့နယ်အတွင်းရှိစာကြည့်တိုက်များ ပြန်လည်ရှင်သန်လာရေး လစဉ်အစည်းအဝေး ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သက်မင်းဟန်(ဒဂုံတောင်)