မြင်းခြံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်

မြင်းခြံစက်တင်ဘာ ၁၇

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင်အသစ်ပြုလုပ်နိုင်ရေး၊ အိမ်ထောင် ဇယားတွင် မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ပျောက်ဆုံးသူများ၊ အသက်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့်မဆုံးစေရေးတို့အတွက် မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ “သစ္စာ” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မြင်းခြံမြို့ပေါ်ရပ်ကွက် () ရပ်ကွက်နှင့် ကျေးရွာ (၂၀) အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၀၂) ကတ်ကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးညွန့်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောလှမောင်တို့က ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။

မြင်းခြံမြို့နယ်တွင် “သစ္စာ” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် စတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ပြီး ယခုအချိန်တွင် မြင်းခြံမြို့နယ်ရှိ ရပ်ကွက် ကျေးရွာအုပ်စု (၈၈) အုပ်စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀၈၈) ခုထိ ပြု လုပ်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောလှမောင်ထံမှ သိရှိရသည်။                                                      

ကျော်စွာ(မြင်းခြံ)