ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ လူထုအခြေပြုဗဟိုဌာနတွင် ကျပန်းစကားပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင် ပြပွဲကျင်းပ

ဒဂုံမြောက် အောက်တိုဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံ(မြို့သစ်)ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ကျောင်းသား/သူ ကလေးငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးကျွမ်းဝင်မှုရှိပြီး ကလေးငယ်များစာကြည့်တိုက်၌ ပျော်ရွှင်မှုရရှိစေရန် ကာယ၊ ဉာဏ၊ စာရိတ္တများဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ကျပန်းစကားပြောပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဒေါ်မြင့်မြင့်ရီက ကလေးငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် ကလေးငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာစေရန်၊ ကလေးငယ်များ၏ ကိုယ်ပိုင်ဉာဏ်စွမ်းများဖြင့် ဖန်တီးပုံဖော်တတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးငယ်များဖြစ်လာစေရန်၊ ကလေးငယ်အချင်းချင်း ဗဟုသုတအသိအမြင်များ ဖလှယ်တတ်စေရန်၊ အနာဂတ်နိုင်ငံတော်၏ အကျိုးအတွက်များစွာအထောက်အကူပြု၍ ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများဖြစ်လာစေရန်စသည့် ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲများကို စတင်ယှဉ်ပြိုင်စေခဲ့ရာ ကလေးငယ်(၁၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် ပြိုင်ပွဲတွင်လာရောက်ယှဉ်ပြိုင်ကြသော ကလေးငယ်များအား အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပပ(ဒဂုံမြောက်)