သာကေတ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀:၀၀)နာရီတွင် ကျောင်းသား၊ ကျောင်းသူများစာကြည့်တိုက်ကို အသုံးပြုတက်စေရန်၊ စာပေနှင့် ရင်းနှီးမှုရရှိစေရန်နှင့် ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂၆)အခြေခံပညာမူလတန်းကျောင်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဆောင်းနှင်းဖြူမှ စာဖတ်ခြင်းမှပေးသောအကျိုးကျေးဇူးများ၊ ဖတ်သင့်သောစာပေအမျိုးအစားများ၊ စာပေမှရရှိသောအကျိုးအာနိသင်များကို ဟောပြောပြီး ပြိုင်ပွဲများဆက်လက်ကျင်းပရာ ကာယစွမ်းရည်ပြိုင်ပွဲအဖြစ် ဘယ်ခြေညာလက်ကစားနည်းပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲအဖြစ် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲများအား ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးမှ ယှဉ်ပြိုင်ကြပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေးနံကပ်စာစောင်များနှင့် မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်တွင် ဖွင့်လှစ်ထားသည့်(Mini Museum)ပြတိုက်ငယ်အား လေ့လာခဲ့ကြကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)