ရန်ကင်း အောက်တိုဘာ ၁၉
ရန်ကုန်၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပညာရေးဘွဲ့ဘီအီးဒီ(B.Ed)စာပေးစာယူ အမှတ်စဉ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ရန်ကင်းပညာရေးဒီဂရီကောလိပ်(မြတ်ပညာခန်းမ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများအနေနဲ့ မိမိတို့ရဲ့ Profession ဆိုင်ရာ အသိပညာတွေကို စဉ်ဆက်မပြတ် တိုးတက်အောင် ဆောင်ရွက်နေတဲ့ အရည်အသွေးမြင့်မားတဲ့သူတွေ ဖြစ်လာဖို့၊ အရည်အသွေး ပြည့်ဝသည်ထက် ပြည့်ဝစေဖို့ ရည်ရွယ်ပြီး ပညာရေးဘွဲ့ စာပေးစာယူသင်တန်းကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တိုတောင်းလှတဲ့ (၁)လတာ ကာလအတွင်းမှာ ထိရောက်စွာ သင်ကြားပို့ချနိုင်တဲ့ ဆရာတစ်ဦးဖြစ်လာစေရန်နှင့် သက်ဆိုင်ရာဘာသာရပ်များကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာသွားပြီး မိမိတို့ရဲ့ တပည့်ကျောင်းသား၊ ကျောင်းသူတွေကို ဘဝတစ်သက်တာ သင်ယူမှုကို ဆက်လက်ဆောင်ရွက်သွားတတ်အောင် သင်ကြားပေးဖို့ လိုအပ်သလို သင်ကြားမှု အရည်အသွေး ပိုမိုထိရောက်ကောင်းမွန်လာဖို့ အမြဲကြိုးစားကြရန် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အခမ်းအနားတွင် ဆရာ/မများ၊ သင်တန်းသား/သူများက အမှတ်တရ တေးသီချင်းများ ၊ အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။ အခမ်းအနားသို့ ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခများ၊ တွဲဘက်ပါမေက္ခများ၊ ဆရာ/မ(၆၀)ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)