မွန်ပြည်နယ်၀န်ကြီးချုပ် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် အောက်တိုဘာ ၁၉

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် နိုင်ငံတကာ၌ အသုံးပြုလျက်ရှိသည့် ခေတ်မီအခြေခံရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား ကျွမ်းကျင်ပိုင်နိုင်စွာ စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန်နှင့် အခြေခံရှာဖွေကယ်ဆယ်ရေးနည်းစနစ်များကို လက်တွေ့လေ့ကျင့်သင်ကြးပေးနိုင်ရန် ရည်ရွယ်၍ ခရိုင်အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ခန်းမတွင် ဖွင့်လှစ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အရန်မီးသတ်တပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား/ သူများ တက်ရောက်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် မျက်မှောက်ခေတ်ကာလမှာ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ငလျင်ဘေး အန္တရာယ်အပါအ၀င် သဘာ၀ဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ် ကြုံတွေ့နေရသည့်အတွက် မီးသတ်တပ်ဖွဲ့၀င်များ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန် နိုင်ငံတော်အတွင်း သဘာ၀ဘေးအန္တရာယ် အပါအ၀င် ရုတ်တရက်ဖြစ်ပွားတတ်တဲ့ ဘေးအန္တရာယ်များ ဖြစ်ပွားကြုံတွေ့ ရပါက အလျင်အမြန် တုံ့ပြန်ဆောင် ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက်နည်းပါးစေရန် ယခုလို သင်ကြားလေ့ကျင့်ပေးခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး သင်တန်းကို တက်ရောက်လာကြတဲ့ သင်တန်းသားများအနေဖြင့် လူထုနဲ့ အနီကပ် ဆက်စပ်တည်ရှိနေတဲ့ စေတနာ့၀န်ထမ်းအဖွဲ့အစည်းများဖြစ်တဲ့ အားလျော်စွာ မိမိတို့ခရိုင်နှင့် မြို့နယ်ဧရိယာအတွင်း မတော်တဆ ဖြစ်ပွားလာနိုင်တဲ့ မီးဘေးအပါအ၀င် သဘာ၀ဘေးအန္တရာယ် တစ်ခုခုကြုံတွေ့လာခဲ့ရင် သန္ဓေမီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ရှေ့တမ်းကျကျ ပူးပေါင်းပါ၀င် ဆောင်ရွက်ကြမဲ့ အဖွဲ့အစည်းများဖြစ်တဲ့အတွက် ကယ်ဆယ်ရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်စေဖို့ ဒေသအခြေအနေနဲ့ ကိုက်ညီတဲ့ ရှာဖွေကယ်ဆယ်ရေး စနစ်တွေကို သင်ကြားလေ့ကျင့် ပေးရခြင်းဖြစ်လို့ အစမှအဆုံး ပြီးဆုံး တိုင်ကြိုးစားတက်ရောက်သွားကြ ရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်၀န်ကြီးချုပ် နှင့်၀န်ကြီးများက သင်တန်းသား/ သူအား ရင်းရင်းနှီးနှီး နှုတ်ဆက် စကားများပြောကြားပြီးမီးသတ်ဦးစီးဌာနက ခင်းကျင်းပြသထားသော ရှာဖွေကယ်ဆယ်ရေးပစ္စည်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်