ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၁၉

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု အတွင်းရှိ ရွှေမိုးတောင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်ဂေါပကအဖွဲ့ဝင်များနှင့်အတူ စေတီတော်ပရဝုဏ်နှင့် ရင်ပြင်တော်ပတ်လည်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးလာ ဧည့်သယ်တော်များ စိတ်အေးချမ်းစွာ လာရောက်ဖူး‌မြော်နိုင်ရေးအတွက် စေတီတော်ပရဝုဏ် သန့်ရှင်းသာယာလှပရေး အမှိုက်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းရန်၊ လှေကား အတက်အဆင်း လက်ရန်းများအား အသစ်ပြန်လည် ပြင်ဆင်မွမ်းမံရန်၊ မိုးရာသီအတွင်း စိုက်ပျိုးထားသည့် ပန်းအလှပင်များ စိမ်းလန်းစိုပြေစေရေး ဆောက်ရွက်ရမည့် လုပ်ငန်းများကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလမင်းထင် တံတားအမှတ်(၂) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တံတားကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားအရည်အသွေးပြည့်မီရေးကို အထူးအလေးထား ဆောင်ရွက်ရန်၊ ဗလမင်းထင် တံတားအမှတ်(၁) သာယာလှပရေးအတွက် လက်ရန်းများ ဆေးသုတ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ‌နှင့် လုပ်ငန်းခွင်သန့်ရှင်းရေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်အတူ တက္ကသိုလ်မိန်းဆောင်ရှေ့တွင် စိုက်ထူထားသည့် ရွှေရတုအထိမ်းအမှတ် ကျောက်တိုင် ပြင်ဆင်မွမ်းမံနိုင်ရေး၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် သုတေသန အ‌ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပတ်ဝန်းကျင် စိန်းလန်းစိုပြေ သန့်ရှင်းသာယာ လှပရေးအတွက် ဆက်လက်ဆောက်ရွက်ရမည့် အစီအစဥ်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားကာ လိုအပ်သည်များအား ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တည်‌ဆောက်ပြီးစီးသည့် ရေကူးပြေးလမ်း ၁၀ လမ်း ပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန် တည်ဆောက်မှု လုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှု၊ ရေကူးကန်အတွင်း ခေတ်မီစက်ကိရိယာများဖြင့် သန့်ရှင်း‌ရေးလုပ်ငန်း ဆောင်ရွက်ခြင်း၊ ရေသန့်စင်ခြင်း စက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများဖြစ်သည့် ရေကူးကန် ဘေးပတ်လည် လျှောက်လမ်းများအား ကြွေပြားခင်းခြင်း၊ ပွဲကြည့်စင် ထိုင်ခုံများ တပ်ဆင်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများအား စံချိန်စံညွှန်းနှင့် အရည်အသွေး ပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)