စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး လယ်ဝေးမြို့နယ် စံပြမိုးစပါးကွက်ဧက(၁၀၀)တွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများကြဲပက်ပွဲသို့တက်ရောက်

လယ်ဝေး အောက်တိုဘာ ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်(၇) နာရီခွဲက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ ရှင်းလင်းဆောင်တွင်ကျင်းပသည့် မိုးရာသီ တစ်ဧက စပါးတင်း(၁၀၀)နှုန်းထွက်ရှိရေး စံပြကွက်ဧက(၁၀၀)၌ ဓာတ်မြေဩဇာနှင့် သဘာဝ မြေဩဇာ(၁׃၃)ရောစပ်ကြဲပက်ပွဲသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော် ဆည်မြောင်းဦးစီးဌာန၊ တည်ဆောက်ရေး(၅)မှ ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်နှင့် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းထိန်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒေသခံတောင်သူများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင် တို့က လိုအပ်ချက်များကိုတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ စံပြစပါးစိုက်ကွင်းအတွင်း ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာ (၁׃၃) ရောစပ်ကြဲပက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

နေဇော်ချစ်(ပြန်/ဆက်)