စမ်းချောင်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ၊ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် (၁၀) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် အတွေးအခေါ် ရင့်သန်လာစေရန်၊ စာပေအကျိုးကျေးဇူးများကို သိရှိစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေတန်ဖိုးကိုသိရှိပြီး လေ့လာမှတ်သား တတ်စေရန်နှင့် စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရန်၊ စာကြည့်တိုက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက် လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေရန် စသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး ပြိုင်ပွဲကို အ-မ-က (၁၃) စမ်းချောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး အကောင်းဆုံးပါဝင် ယှဉ်ပြိုင်နိုင်သူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခင်ငြိမ်းချမ်းဝင်း