စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စဉ့်ကူး အောက်တိုဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်သား၊ ကျောင်းသူ (၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်ကြသည့် ကျောင်းသား/ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ နံရံကပ်စာစောင်ပြပွဲကို ကျင်းပခဲ့သည်။ အဆိုပါ နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးမှုများ၊ မျောက်ကျောက်ရောဂါဆိုင်ရာ အသိပညာပေးမှုများ၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများ အစရှိသည့် အသိပညာပေး ကဗျာ၊ ဆောင်းပါး၊ ရုပ်ပုံများအား စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေ‌ရန် စသည့်ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show)များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ ဆက်)