ပင်လောင်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင်က အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့်ပတ်သက်၍ ဆောင်ရွက်ရန် လိုအပ်သည့် အချက်အလက်များကိုလည်းကောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်ထွေးက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် အသုံးပြုမည့်မဲရုံများ ဆောင်ရွက်ထားရာတွင် လိုအပ်သည်များကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက မြေပြင်တွင် ကြုံတွေ့နေရသည့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အခြေအနေများ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံများအခြေအနေများနှင့်ပတ်သက်၍ သိရှိလိုသည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ တင်ပြ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး