နောင်ချို အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာမာလတန်းကျောင်းသို့ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများပြသခြင်းကို ယနေ့နံနက်(၁၀)နာရီ အချိန်က အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကလေးအလုပ်သမားလျော့နည်းပပျောက်စေရန် ရည်ရွယ်၍ အသိပညာပေး လုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆက်လက်ဟောပြောရာတွင် အရွယ် မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိရခြင်း၏ အဓိကအကြောင်းအရင်များအကြောင်း၊ ကလေးငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းများ အကြောင်း၊ ကလေး အလုပ်သမား ပပျောက်ရေးကြိုတင်ကာကွယ်တာဆီးရမည့်အချက်များ၊ ကလေးငယ်များအပေါ် မတရားညှဉ်းပန်းနှိပ်စက်မှု၊ အဓမ္မစေခိုင်းမှုများ ကြုံတွေ့ရပါက ဆက်သွယ်အကူအညီ တောင်းခံရမည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူ လေးများ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဥပမာ၊ သာဓကများဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အမှတ်(၄)အခြေခံပညာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူခိုင်က ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြဘုတ်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွေးငယ်၊ပြန်/ဆက်