စစ်တွေမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်တွေ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်၏ စီစဉ်မှုဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အခြေခံစား သောက်ကုန်များနှင့် ဟင်းသီးဟင်း ရွက်များကို ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ယနေ့နံနက်ပိုင်းက ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက် ရှိသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်ဖွဲ့ဝင်များနှင့် မိသားစုများက ရောင်းချပေးရာတွင် ကြက်သား၊ ဝက်သား၊ ဘဲသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ အမဲသားနှင့် အသားစည်သွတ်ဘူးများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိပြီး မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ အစီအစဉ်ဖြင့် Perfect King Trading ကုမ္ပဏီ လီမိတက်ကလည်း စားသုံးဆီများအား ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

စစ်တွေမြို့ ဒေသခံတစ်ဦးက “ကျွန်တော်တို့ မြို့ထဲက ဈေးမှာဆိုရင် ကြက်ဥတစ်လုံး ၂၅၀ ကျတယ်ဗျ၊ အခုတစ်လုံး ၁၅၀ ဆိုတော့ လာဝယ်တာပါ၊ ဆီ၊ ကြက်သွန်၊ အာလူးကအစပေါ့၊ အပြင်က ဈေးထက် သက်သာတော့ လာဝယ်ကြပါတယ်၊ များသောအားဖြင့်တော့ ဆီနဲ့ကြက်ဥက တန်းစီပြီးတော့မှ ဝယ်ရပါတယ်၊ ကျန်တာတွေကျတော့ ပေါ့ပေါ့ပါးပါး ဝယ်လို့ရတာပေါ့၊ အခုလိုမျိုး တစ်ပတ်တစ်ခါ လောက် ရောင်းပေးရင်တော့ အဆင်ပြေတာပေါ့” ဟုပြောသည်။

စစ်တွေမြို့တွင် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ ဒေသခံပြည်သူများအား အခြေခံ စားသောက်ကုန်နှင့် ဟင်းသီး ဟင်းရွက်များအား ဈေးနှုန်း သက်သာစွာဖြင့် (၆)ကြိမ်မြောက် ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)