ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်ပွဲသို့တက်ရောက်

စစ်တွေ အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေရန်အတွက် ဝန်ထမ်းများစာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၂) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းဆရာ၊ ဆရာမများနှင့်သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။

သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ပြည်နယ်အဆင့် ဌာနဆိုင်ရာများတွင် နိုင်ငံ့တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ နေ့စဉ်ဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများဖြစ်သော ငွေစာရင်းလုပ်ထုံးလုပ်နည်းများ၊ စာရင်းအင်းအသိပညာ၊ စီမံကိန်းရေးဆွဲခြင်း၊ အရအသုံးခန့်မှန်းခြေငွေစာရင်းများရေးဆွဲခြင်း၊ ဝန်ထမ်းများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတများနှင့် အခြေခံစာရင်းအာင်းပြုစုရသည့် ဌာနများ၏ အချက်အလက်ဆိုင်ရာဗဟုသုတများအား သိရှိနားလည်စေရန်နှင့် စွမ်းဆောင်ရည် တိုးတက်စေရန်အတွက် ရခိုင်ပြည်အစိုးရအဖွဲ့ကကြီးမှူးပြီး ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် ဘာသာရပ်(၁၈) ခုကို အစိုးရဌာန၊ အဖွဲ့အစည်း(၁၆)ခုမှ သင်တန်းဆရာများက သင်ကြားပို့ချကြမည်ဖြစ်ကြောင်း၊ ဆရာအများစုသည် မိခင်ဌာနလုပ်ငန်းများနှင့် မအားလပ်သည့်ကြားက သင်ကြားပြသပေးကြမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် အထူးကြိုးစားပြီး လေ့လာသင်ကြားကြစေလိုကြောင်း၊ သင်တန်းချိန်မှာ နံနက်(၈)နာရီမှ (၁၁)နာရီအထိဖြစ်ပြီး လုပ်ငန်းခွင်မပျက် ပို့ချမည့်သင်တန်း ဖြစ်သည့်အတွက် သင်တန်းပြီးသောအခါ မိမိလုပ်ငန်းခွင်အလိုက် ပြန်လည်တာဝန်ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပြည်နယ်အဆင့် သင်တန်းတစ်ခုဖြစ်သည်နှင့်အညီ သင်တန်းပြီးဆုံးချိန်တွင် အရည်အချင်းစစ်စာမေးပွဲကျင်းပပြီး ထူးချွန်သင်တန်းသားများကို ဆုချီးမြှင့် မည်ဖြစ်သည့်အတွက်ကြောင့် သင်တန်းသားများအနေဖြင့် မိမိ၏ဂုဏ်သိက္ခာ၊ မိမိဌာနန၊ အဖွဲ့အစည်း၏ ဂုဏ်သိက္ခာမြင့်မားရေးအတွက် လုံ့လဝီရိယအပြည့်အဝဖြင့် ကြိုးစားကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းထွန်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။

အဆိုပါသင်တန်းသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၅၀) ဦးတက်ရောက်ကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) သင်တန်းခန်းမ၌ အောက်တိုဘာလ ၁၉ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)