ပုသိမ်ကြီး၊ စက်တင်ဘာ ၁၇
နိုင်ငံတော်မှ မျိုးစေ့ထုတ်တောင်သူများအား ကမ္ဘာ့ကပ်ရောဂါကိုဗစ် ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ထောက်ပံ့ငွေများ နိုင်ငံတစ်ဝန်းပေးအပ်လျက်ရှိပြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် တောင်သူများအတွက် ထောက်ပံ့ငွေစုစုပေါင်း ကျပ်သိန်း (၁၃၀၀) ကျော်ကို ပေးအပ်ပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်ထံမှ သိရသည်။
ပထမအကြိမ်တွင် စိုက်ဧက ၅၆၄ ဧကကို မျိုးစေ့ဖိုး၊ အပင်ပြုစု စောင့်ရှောက်ရေးအတွက် တစ်ဧကလျှင် ၈၅၀၀၀ နှုန်းဖြင့်၊ သိန်း၄၈၀ခန့်လည်းကောင်း၊ ဒုတိယအကြိမ်တွင် စိုက်ပျိုးဧက ၃၆၆အတွက် တစ်ဧက ၈၅၅၀၀ နှုန်းဖြင့် သိန်း၃၀၀ကျော်နှင့် စိုက်ဧက ၉၃၀ အတွက် မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းနှင့် မျိုးစေ့သန့်စင်ခြင်းလုပ်ငန်းအတွက် တစ်ဧကလျှင် ၆၅၀၀၀ နှုန်းဖြင့် သိန်း၆၀၀ ကျော် တို့ကို ထောက်ပံ့ ခဲ့ကာ၊ မြို့နယ်အတွင်း စုစုပေါင်း ကျပ်သိန်းပေါင်း ၁၃၀၀ ကျော် ကိုပံ့ပိုး ပေးနိုင်ခဲ့ပြီး၊ ပုသိမ်ကြီး မြို့နယ်တွင် ဧရာမင်းစပါးကို အဓိကစိုက်ပျိုးပြီး၊ လက်ရှိ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ဧကပေါင်း ၂၃၀၀၀ ကျော် လျာထားကာ၊ (CERP) အစီအစဉ်အရ တောင်သူများအတွက် မျိုးစေ့ဖိုး၊ စိုက်စရိတ်၊ မျိုးကွဲပယ်နုတ်ခြင်းနှင့် မျိုးစေ့သန့်စင်ခြင်း လုပ်ငန်းများအတွက် ယခုလို ထောက်ပံ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဆက်လက်၍ အဆိုပါ Covid-19 စီးပွားရေးကုစားမှု အစီအစဉ် CERP ဖြင့် Rs to Cs မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများတွင် မြို့နယ်တွင်းရှိ တောင်သူများ နိုင်ငံတော်ပံ့ပိုးငွေများဖြင့် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို