ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဒလ အောက်တိုဘာ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအစည်းအဝေးပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစည်သူကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးတွင် မြို့နယ်အတွင်းယာဉ်အန္တာရာယ်ကင်းရှင်းရေးကိစ္စများ၊ လိုင်စင်မဲ့မော်တော်ယာဉ်များမရှိစေရေးကိစ္စများ၊ သုံးဘီးဆိုင်ကယ်များ စနစ်တကျမောင်းနှင်ရေးကိစ္စများ ယာဉ်စီးခတိုးမြှင့်ကောက်ခံခြင်းများမရှိစေရေးကိစ္စများ၊ ဒလချယ်ရီသင်္ဘောဆိပ်အနီး ယာဉ်ပိတ်ဆို့မှုများမရှိစေရေးကိစ္စများစသည်တို့ကို ရှင်းလင်းမှာကြားသည်။

ဆက်လက်၍ အမှတ်(၅၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲအုပ်မောင်မျိုးမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များကို ယာဉ်မောင်းသူများ အပြည့်အဝလိုက်နာ ဆောင်ရွက်စေရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားသည့် အခြေအနေများ ဟောပြောပွဲများ၊ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့ဝင်များက ဒလမြို့နယ် အတွင်းရှိလူစည်ကားရာနေရာ လမ်းဆုံများတွင် ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ မောင်းနှင်သွားလာဆောင်ရွက်ခြင်း ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြင့်ဇော် (ပြန်/ဆက်)