မွန်ပြည်နယ်မုဒုံမြို့တွင် (A) အဆင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ရေး စီမံကိန်း ရာနှုန်းပြည့်ပြီးစီး

မုဒုံ    စက်တင်ဘာ    ၁၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြည်သူ့အားကစားရုံ မုဒုံမြို့ (A) အဆင့် မိုးလုံလေလုံအားကစားရုံ (၉၀ပေ­×၁၂၀ပေ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဒေါ်နွယ်နီစံထံမှ သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ (၂၇၅) သန်းခန့် ကြယ်မြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အပိုဆောင်းလုပ်ငန်းများအနေဖြင့် အဝီစိ(၆) လက်မ အကျယ်တစ်တွင်း၊ ပြည်သူသုံးအိမ်သာ(၆)ခန်းတွဲအိမ်သာတစ်ခု၊ VIP အိမ်သာနှစ်လုံး၊ ဆာဗစ်တန်းတစ်ခု၊ အုတ်တံတိုင်းအရှည်(၁၄)ပေ အမြင့်(၇)ပေခွဲ၊အုတ်ရိုး(၉)ရိုး လုပ်ငန်း ပြုပြင်ခြင်းနှင့်လမ်းကွန်ကရစ်ခင်းခြင်း အရှည် (၁၄၆) ပေ၊အကျယ် (၁၂) ပေ၊ ထု(၆)လက်မတို့ကိုပါဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်နွယ်နီစံကပြောကြားသည်။

မုဒုံမြို့နယ်(A)အဆင့် မိုးလုံလေလုံအားကစားရုံ တည်ဆောက်ခြင်းလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန် ပြည့်မီရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ အရည်အသွေး စစ်ဆေးရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပြည်သူ့အားကစားကွင်း အဆင့်မြှင့် တင်ရေး လုပ်ငန်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)