ပင်းတယ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၊ သစ်အယ်ပင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) စာသင်ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအားယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးမှ ကျောင်းသား၊ကျောင်းသူများအား လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ အားလပ်သည့်အချိန်တွင် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ပြောကြားပေးသည်။ ထိုနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းမာသိန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ မီးဘေး၊ ငလျင်ဘေးဆောင်ရန် ရှောင်ရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများအကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မိုးမောင်က အားကစားလှုပ်ရှားခြင်းအားဖြင့် ရရှိလာစေမည့် အကျိုးကျေးဇူးများကို ပြောကြားပေးခဲ့သည်။
အခမ်းအနားပြီးတွင် အားကစားပစ္စည်းများနှင့် နှာခေါင်းစည်း (Mask)တို့အား ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)