ဆီဆိုင် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ မိုးကြိုးဘေးတုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးရဲဝင်းအောင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ရှင်းလင်းဆွေးနွေးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာများထဲမှ မိုးကြိုးဘေးတုံ့ပြန်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မိုးကြိုးမပစ်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးကြိုးပစ်နေစဉ်အတွင်း လိုက်နာရမည့်အချက်များ၊ မိုးကြိုးပစ်ပြီးနောက် လိုက်နာရမည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)