မဲစာရင်းများမှန်ကန်ရေး စိစစ်ခြင်းနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား အောက်တိုဘာ ၁၉

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိရာ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရေးအတွက် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် မဲစာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထားသတ်မှတ်ခြင်းအပါအဝင် ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်သည့် ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်၊ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ  ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် အမှတ်(၁)နှင့် အမှတ်(၅)သည် ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်း တာဝန်များနှင့် သက်ဆိုင်ကြောင်း၊ အမှတ်စဉ်(၁)အား ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ နိုင်ငံသားများ အနေဖြင့် ဥပဒေနှင့်အညီ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် မဲပေးရာတွင် ပြည့်စုံရမည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ ကတ်တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ (၆၆/၆)များ ရှိရမည်ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်၍ မှတ်ပုံတင်ရှိသူများသာ မိမိနေထိုင်ရာ ဒေသမဲစာရင်းတွင် ပါဝင်မှသာ မဲပေးနိုင်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် တာဝန်ယူရမည့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှသာ မဲစာရင်းမှန်ကန်မည် ဖြစ်ကြောင်း၊ မဲစာရင်း မှန်ကန်မှသာ မဲရုံလျာထားဆောင်ရွက်မှု မှန်ကန်မည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းအောင်ကျော်က ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်အလိုက် မဲစာရင်းများစိစစ်ခြင်း၊ မဲရုံတည်နေရာများ လျာထား သတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်များ ခန့်မှန်းတွက်ချက်ခြင်းတို့နှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ထားရှိမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းမှန်ကန်ရေးစိစစ်ခြင်း၊ မဲရုံများလျာထား သတ်မှတ်ခြင်းနှင့် မဲရုံသုံးပစ္စည်းများ လျာထားခြင်း ဆိုင်ရာများကို  တင်ပြဆွေးနွေးပြီး၊ အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်နယ်/ခရိုင်နှင့် မြို့နယ်များမှ ဌာနဆိုင်ရာများက ရွေးကောက်ပွဲဆိုင်ရာ   အကြိုပြင်ဆင်မှုကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို    ပြန်လည်မေးမြန်းဆွေးနွေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ ကချင်ပြည်နယ်နှင့် ခရိုင်၊ မြို့နယ်များမှ ရွေးကောက်ပွဲ အရာရှိများနှင့် သက်ဆိုင်ရာဌာနများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)