လယ်ဝေးမြို့နယ်အတွင်း ကလေးအလုပ်သမားပပျောက်နိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လယ်ဝေး အောက်တိုဘာ ၁၉

ပြည်ထောင်စု‌နယ်မြေ၊ နေပြည်တော် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း  ကလေးအလုပ်သမားပပျောက်နိုင်ရေးအတွက် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးနိုင်လင်း ထွန်းနှင့်ဝန်ထမ်းများ၊ ဒုရဲအုပ် အောင်ချိုဦးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဦးဉာဏ်ဝင်းထွန်းနှင့် ဝန်ထမ်းများက လမ်းဆုံလမ်းခွများနှင့်လမ်းမတော် လမ်းတလျှောက် အသက်(၁၈)နှစ် မပြည့်သေးသူ ကလေးငယ်များ ဈေးရောင်းချနေမှု၊ တောင်းရမ်းစားသောက်နေမှုများ ရှိ/မရှိကို အောက်တိုဘာ (၁၈)ရက်နေ့ ညနေ(၅)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လယ်ဝေးမြို့အတွင်း တောင်းရမ်းစားသောက်နေသည့် ကလေးငယ်(၇)ဦးအား တွေ့ရှိခဲ့သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မိဘအုပ်ထိန်းသူများကို ခေါ်ယူ၍ နောင်အခါ တောင်းရမ်းစားသောက်မှုမပြုလုပ်ရေး မှာကြားကာ ဝန်ခံကတိ လက်မှတ်များရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်အတွင်းရှိ လက်ဖက်ရည်ဆိုင်(၁)ဆိုင်၊ ကုန်မျိုးစုံစတိုးဆိုင်(၃)ဆိုင်နှင့် ဖုန်းဆိုင်(၁)ဆိုင်တို့မှ ပိုင်ရှင်များ၊ အလုပ်သမားများအားတွေ့ဆုံ၍ ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာဥပဒေများအား အလေးထားလိုက်နာဆောင်ရွက်ရန်နှင့် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားများ ခန့်ထားမှုမရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

နေဇော်ချစ်(ပြန်/ဆက်)