ညောင်ရွှေမြို့၌ သစ်ဆွေးမြေဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာသင်တန်း(Capacity Development Packages for Myanmar- MAHFSA Program) ဖွင့်လှစ်

ညောင်ရွှေ အောက်တိုဘာ ၁၉

လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကို အနာဂတ်မျိုးဆက်များဆီသို့ လက်ဆင့်ကမ်းပေးနိုင်ရန်၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များအောင်မြင်စေရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးအပါအဝင် လူထုလူတန်းစားအားလုံးမှ ပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် သစ်ဆွေးမြေဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် သစ်ဆွေးမြေရှာဖွေဖော်ထုတ်ခြင်းဆိုင်ရာသင်တန်း (Capacity Development Packages for Myanmar- MAHFSA Program)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ Grand Inle Hotel ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းဌေးက အမှာစကားပြောကြားပြီး FREDA ဥက္ကဋ္ဌ ဦးစန်းလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အခမ်းအနားတက်ရောက်လာသည့် ဌာနဆိုင်ရာဧည့်သည်တော်များ၊ သင်တန်း နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများမှ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

အဆိုပါသင်တန်းတွင် သစ်ဆွေးမြေအကြောင်း၊ သစ်ဆွေးမြေဖြစ်ပေါ်သည့်ဒေသများအား ရှာဖွေခြင်း၊ သစ်ဆွေးမြေစာရင်းကောက်ယူခြင်းနှင့် သစ်ဆွေးမြေမီးလောင်ကျွမ်းမှုများ၏ အခြေခံအကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှုကာကွယ်ရေးစသည့် သင်ခန်းစာများပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသို့ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ သင်တန်းသား၊ သင် တန်းသူစုစုပေါင်း(၂၆)ဦးတက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ(၃)ရက်ကြာမြင့်မည့်ဖြစ် ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ