ဇေယျာသီရိမြို့နယ်၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ အောက်တိုဘာ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာများက စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် စာရေးဆရာ ဦးရဲမွန်ကျော်နှင့် စာရေးဆရာစိန်ဝင်နွယ်၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာမ ချယ်ရီအောင်သန်းတို့ကဦးဆောင်၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့်ရေးသားသည့် “သားသမီးငယ်တို့ လူရည်ချွန်လူရည်မွန်များဖြစ်စေရန် လမ်းညွှန်” စာအုပ်ပါ မှန်မှန်ကန်ကန်ဆုံးဖြတ်တတ်ပါစေ၊ တစ်ပါးသူကို လေးစားတတ်ပါစေနှင့် မိမိကိုယ်ကိုလည်းလေးစားတတ်ပါစေ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား/သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။                                        

ဆွေးနွေးပွဲသို့ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ၊ စာပေချစ်သူများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)