သိန္နီမြို့တွင် ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်လျော့ချရေး အသိပညာပေးဟောပြောပွဲကျင်းပ

သိန္နီ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ပလတ်စတစ်အား စနစ်တကျသုံးစွဲတတ်စေရန် နှင့် ပလပ်စတစ်သုံးစွဲမှုများပြားလာခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှုအန္တရာယ်မှ ကာကွယ်နိုင်စေရန်အတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို အမှတ် (၁)အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)တွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ပလတ်စတစ်သုံးစွဲမှု များပြားလာခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု မရှိစေရေးအတွက် ထိန်းသိမ်းသင့်ပုံများ၊ ပလတ်စတစ်အိတ်များ အား စနစ်တကျ သုံးစွဲတတ်စေရန်နှင့် စနစ်တကျသုံးစွဲမှုမရှိခြင်းကြောင့် လူနှင့်တိရိစ္ဆာန်များပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများအား ရှင်းလင်းဟောပြောခဲ့သည်။ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ ဗဟုသုတတိုးပွားစေရေးအတွက် နယ်လှည့်စာ ကြည့်တိုက်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်၊ စာစောင်များအား ငှားရမ်းပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)