မိုးညှင်း စက်တင်ဘာ ၁၇
ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသည့်နေရာတွင် ဖွင့်လှစ်ထားပြီး ကချင်ပြည်နယ်အတွင်း ဝင်ရောက် ရာ အဓိကကျသည့် မိုးညှင်းမြို့ရှိ နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကချင်ပြည်နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်လင်းအောင် (လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး) က ယနေ့မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့် အတူ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့် အဖွဲ့သည် မိုးညှင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်အဆင့် ဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ မိုးညှင်းခရိုင် အုပ်ချုပ်ရေးမှူး ဦးသန်းဆွေက ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒေါက်တာဖြူလေးဝေ က မြို့နယ်အတွင်း ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဗိုလ်မှူးကြီးကျော်လင်းအောင်က တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ဗိုလ်မှူးကြီးကျော်လင်းအောင်နှင့်အဖွဲ့သည် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ပြီး တာဝန်ကျ ဝန်ထမ်းများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ယာဉ်အဝင် အထွက်နှင့် ဖြတ်သန်းသွားလာခွင့် အချိန်ကို ယနေ့မှစ၍ နံနက် ၇ နာရီခွဲမှ ညနေ ၆ နာရီအချိန်အထိသာ ဖြတ်သန်းသွားလာခွင့် ပြုရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)