ဒလမြို့နယ် အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲ၊ မူးယစ်ဆေးဝါးဆိုင်ရာနံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကွင်းဆင်းဆောင်ရွက်

ဒလ အောက်တိုဘာ ၁၉

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၇)အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက ကျောင်းသား၊ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောရာတွင် လူငယ်များအတွက် ပညာရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပြီး  ပညာဟုဆိုရာမှာ ကျောင်းစာပေလေ့လာရုံသာမက ပြင်ပဗဟုသုတများရရှိစေရန်အတွက် သုတ၊ ရသစာအုပ်များကို ဖတ်ရှုလေ့လာပြီး အသိပညာ၊ အတတ်ပညာ၊ အနုပညာ အသက်မွေးဝမ်းကြောင်းပညာ၊ ဆေးပညာ၊ ဥပဒေပညာ စီမံခန့်ခွဲမှုပညာစသော ပညာရပ်အမျိုးမျိုးမှ မိမိတို့ဝါသနာနှင့် ကိုက်ညီတဲ့ပညာရပ်ကို  ရည်မှန်းချက်ထားပြီးကြိုးစားရမည်။၊ စဉ်းစားမျှော်မြင်နိုင်စွမ်း မြင့်မားဖို့အတွက် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့်အလေ့အထကို လေ့ကျင့်ပျိုးထောင်ယူရမှာဖြစ်ကြောင်း ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများကို မူးယစ်ဆေးဝါး အန္တရာယ်ရှောင်ကျဉ်ရေး နံရံကပ်စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါအသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များခင်းကျင်း ပြသထားရာတွင် စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

ကျော်စည်သူ (ပြန်ဆက်)