ဒေါပုံမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ရန်ကုန် အောက်တိုဘာ ၁

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက “ပြည်သူများအတွက် ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့မှ ကင်းဝေးစေရေးအတွက် မူဝါဒများ၊ လုပ်ငန်းစဉ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြမည်ဖြစ်ရာ သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ မော်တော်ယာဉ်များကြောင့် ဖြစ်ပေါ်တတ်သည့် ပတ်ဝန်းကျင်ထိခိုက်မှုနှင့် ယာဉ်ကြောပိတ်စို့မှုများကို လျော့ချဆောင်ရွက်သွားမည့် နည်းလမ်းများကို ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း” ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဒေါပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်စိုးဦးက ယာဉ်စစ်လုပ်ငန်းများ ​ဆောင်ရွက်နေမှုအခြေအနေများနှင့် ဌာနဆိုင်ရာများအနေဖြင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တိကျစွာလိုက်နာ၍ မောင်နှင်စီးနင်းကြစေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။ ဆက်လက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းနေဝင်းက ဒေါပုံမြို့နယ်အတွင်း ယာဉ်ကြောပိတ်စို့မှုများပြားသည့် နေရာများတွင် ယာဉ်သွားလာမှုများပြားသည့် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်များတွင် ဆောင်ရွက်သင့်သည့် နည်းလမ်း များကို အကြံပြုဆွေးနွေး ခဲ့ပါသည်။

ထို့နောက် ဒေါပုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မြင့်ထွန်းက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်မှ ကင်းဝေးစေရေးအတွက် အသိပညာပေးလုပ်ငန်း များကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည့် နည်းလမ်းများ၊ လက်ရှိတွင် အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ဆောင်ရွက်ပေးလျက်ရှိသည့် ယာဉ်ကြော ရှင်းလင်းရေးလုပ်ငန်းများနှင့် နေ့စဉ်ဆောင်ရွက်လျက်ရှိသည့် ယာဉ်စစ်လုပ်ငန်းစဉ်များအား ရှင်းလင်းဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာများက အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)