နောင်တရားဒေသထွက် လက်ဖက်ခြောက် တစ်ပိဿာ ကျပ် ၆၀၀၀ ရောက်ရှိ

နောင်တရား အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်းပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ဒေသထွက် လက်ဖက်ခြောက်များ တစ်ပိဿာလျှင် ကျပ် ၆၀၀၀ အထိ အရောင်း အဝယ်ဖြစ်နေကြောင်း လက်ဖက်ခြောက်ရောင်းဝယ်နေသည့် ပွဲစားတစ်ဦးကပြောသည်။

“ မိုးခြောက်တစ်ပိဿာကို ကျပ် ၅၅၀၀ မှ ၆၀၀၀ အထိ အရောင်းအဝယ်ဖြစ်နေတယ် တစ်ခါမှ ယခုလိုဈေးထိ အရောင်းအဝယ်မဖြစ်ဖူးဘူး မိုးခြောက်က ပြီးခဲ့တဲ့နှစ်တွေဆို အမြင့်ဆုံးဈေး ကျပ် ၅၀၀၀ အထိဘဲ အရောင်းအဝယ်ဖြစ်ဖူးတယ် ရွှေဖီခြောက်ကတော့ ကျပ် ၆၅၀၀ အထိ ဈေးရှိပါတယ် ပြီးခဲ့တဲ့ လတွေမှာ မိုးခြောက်တစ်ပိဿာကို ကျပ်၃၅၀၀မှ ကျပ် ၄၀၀၀အထိဘဲ ဈေးရှိတော့ လက်ဖက်စိုက်တောင်သူတွေက လက်ဖက်မခူးတော့ဘူး လုပ်အားခက တစ်ရက် ၆၀၀၀ကျပ် ပေးနေရတော့ လူငှားပြီးခူးရင်မကိုက်တော့ဘူး အရှုံးပေါ်တယ် ဒါကြောင့် လက်ဖက်မခူးတော့ဘူး ယခုလက်ဖက်လိုအပ်ချက်များလာတော့ တစ်ပိဿာ ကျပ် ၅၅၀၀မှ ကျပ် ၆၀၀၀အထိ ပေးဝယ်ကြတာပေါ့” ဟုနောင်တရားမြို့ လက်ဖက်ခြောက်ရောင်းဝယ်နေသည့်  ပွဲစားတစ်ဦးက ပြောသည်။ လက်ဖက်ရွက် တစ်ပိဿာလျှင် ခူးခ ၆၀၀ကျပ်ခန့်ရှိပြီး လက်ဖက် ရွက်အစို ၄ ပိဿာလျှင် လက်ဖက်ခြောက် တစ်ပိဿာထွက်ရှိပြီး ယခုလတွင် လက်ဖက်စိုက်ပျိုး သည့် တောင်သူများအနေဖြင့် မိုးခြောက်တစ်ပိဿာအမြင့်ဆုံး ကျပ် ၅၅၀၀ မှ ၆၀၀၀ အထိ ရောင်းချနေရသည်။ “ပြီးခဲ့တဲ့လတွေ လက်ဖက်ဈေးမရှိတော့ မခူးဖြစ်ဘူး လက်ဖက်ဈေးတက်မှ လက်ဖက်ကမရှိတော့ဘူး တစ်ခါမှ ယခုလိုဈေးမရဖူးဘူး ယခုလို တစ်ပိဿာ အနည်းဆုံး ၅၅၀၀ ကျပ်ရမှ အဆင်ပြေမှာ လက်ဖက်ပြန် ခူးကြမှာ ရှေ့လတွေမှာ လက်ဖက်ညှတ်မထွက်တော့ဘူး လက်ဖက်ဈေးတက်ဖို့ဘဲ ရှိမယ်ထင်တယ် ရွာမှာလည်း လက်ဖက်ဝယ်လှောင်သမားတွေ ယခင်နှစ်တွေလောက်မရှိဘူး” ဟု ခြမ်းကျေးရွာမှ လက်ဖက်စိုက်တောင်သူကပြောသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် နောင်တရားဒေသ၌ တစ်နှစ်လျှင် လက်ဖက်ကုန်ချိန် ၂ သိန်းကျော်ထွက်ရှိပြီး လက်ဖက်ခြောက်များကို မြန်မာနိုင်ငံအနှံ့မြို့ကြီးများ သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)