သီပေါမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

သီပေါ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်စေရန်အတွက် ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံပေးရာတွင် ဆေးမထိုးနှံမီကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးထိုးပြီး မိနစ်(၃၀)ခန့်နားနေစေ၍ စောင့်ကြည့်ခြင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့်အတူ  ဆရာ၊ ဆရာမများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုထိုးနှံပေးသောဆေးအမျိုးအစားမှာ Sinopharm အမျိုးအစားဖြစ်ကြောင်း၊ ပထမအကြိမ်ထိုးနှံပြီးသူ အသက်(၁၂)နှင့်အထက်ကျောင်းသား၊ ကျောင်းသူ (၁၈၆)ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)