နမ့်ခမ်း အောက်တိုဘာ ၁၉
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့်ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ ဦးဝင်းတင် ရေးသားထုတ်ဝေသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်” စာအုပ်ဖြင့် အသိပညာပေးစာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာန၏ ရည်ရွယ်ချက်များဖြစ်သည့် ပြန်ကြားပေးရန်၊ အသိပညာပေးရန်နှင့် ဖျော်ဖြေပေးရန်နှင့်အညီ ဒေသခံပြည်သူများမှ အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းနှင့်ပူးပေါင်း၍ အပတ်စဉ်စာဖတ်ဝိုင်းများ ကျင်းပလျက်ရှိရာ စာပေဝါသနာအချင်းချင်းမှ အသိပညာဗဟုသုတများ အပြန်အလှန်ဆွေးနွေးဖလှယ်စေခြင်း၊ လူငယ်လူရွယ်များမှ ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေခြင်း၊ စာအုပ်စာပေဖတ်ရှုလေ့လာမှု အကျင့်ကောင်းများရရှိခြင်းနှင့် စာအုပ်စာစောင်များအပေါ် စိတ်ဝင်စားမှုရရှိစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုင်းညီမောင်ဘဦးက ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဦးဝင်းတင် ရေးသားထုတ်ဝေသည့် “ကိုယ်သာလျှင် ကိုယ့်ဘဝသခင်”စာအုပ်တွင် "ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲစေခြင်း အနုပညာ" ခေါင်းစဉ်ပါ အကြောင်းအရာများ ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အသင်းဝင်များက စာအုပ်ပါ "စွန့်စားမှုအနုပညာ"၊ "ယုံကြည်မှု အနုပညာ"၊ “ခွင့်လွှတ်ခြင်းအနုပညာ”၊ ‘‘ကိုယ်ပိုင်စွမ်းရည်ဖန်တီးမှုအနုပညာ’’၊ " စာဖတ်ခြင်းအနုပညာ"နှင့် စသည့် စာအုပ်ပါအကြောင်းအရာများ အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ခင်းကျင်းပြသသည့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ သွေးလွန်းတုပ်ကွေး ရောဂါနှင့်ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးစာစောင်နှင့် ဓာတ်ပုံများကို လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဘဦး(နမ့်ခမ်း)