မိုင်းဆတ်မြို့၌ ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိ

မိုင်းဆတ် အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ကောက်ညှင်းကျည်တောက်ပြုလုပ်ရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကောက်ညှင်းကျည်တောက်ပြုလုပ်ရန် ကောက်ညှင်းဆန်အားအနည်းငယ်ပွလာအောင် ရေစိမ်ထားပြီး အနည်းငယ်ပွလာသည့်ကောက်ညှင်းဆန်အား ပဲလုံး၊ ပိန်းဥ၊ နှမ်း၊ အုန်းသီး၊ မြေပဲ၊ ပြောင်းဖူး၊ အုန်းနို့ စသည်တို့နှင့် သမအောင်မွေပြီး ရေအနည်းငယ်ဖြင့် ကောက်ညှင်းကျည်တောက်ပြုလုပ်သည့် ဝါးအတွင်းသို့ထည့်သွင်း၍ နာရီဝက်ခန့်မီးဖုတ်၍လည်းကောင်း၊ သံပုံးများဖြင့် ပြုတ်၍လည်းကောင်း ကောက်ညှင်းကျည်တောက်ပြုလုပ်ကြပြီး မီးဖုတ်ထားသည့် ကောက်ညှင်းကျည်တောက်အား ရောင်းချရာတွင် မီးလောင်ကျွမ်းထားသည့် ဝါးကျည်တောက်အပေါ်ခွံအား ဖြူဖွေးလှပစေရန် ဓါးဖြင့်အနည်းငယ်ခွာ၍ ရောင်းချကြသည်။

အရသာမျိုးစုံထည့်သွင်း၍ ပြုလုပ်ထားသည့် ကောက်ညှင်းကျည်တောက်သည် ဒေသအစားအစာတစ်မျိုးဖြစ်ကာ အရသာထူးကဲကောင်းမွန်ခြင်းကြောင့် လူမျိုးဘာသာမရွေးကြိုက်နှစ်သက်ကြပြီး ကောက်ညှင်းကျည်တောက်အရွယ်အစားအလိုက် တစ်ချောင်းလျှင်ငွေကျပ်(၁၀၀၀)မှ (၂၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချရပြီး မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း ကောက်ညှင်းကျည်တောက်ပြုလုပ် ရောင်းချသူများထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)