မုဒုံ အောက်တိုဘာ ၁၉
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ အင်းကြီးတွင် တည်ထားပူဇော်သည့် ငါးရံ့မင်းဘုရား စေတီတော်မြတ်အား ဘက်စုံပြုပြင် မွမ်းမံပြီးစီးခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော် တင်လှူပူဇော်ပွဲ မင်္ဂလာအခမ်းအနားကို ယမန်နေ့က ကျင်းပရာ ဆရာတော် သံဃာတော် အရှင်သူမြတ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူ ဆောက်တည်သည်။ ထို့နောက် သံဃာတော် အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ်တော် မူသည့် ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး သံဃာတော် အရှင်သူမြတ်များအား တာဝန်ရှိများမှ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ရာ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။
ဆက်လက်၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ပင့်ဆောင်၍ စေတီတော် ကြီးအား လက်ယာရစ် လှည့်လည်ခဲ့ပြီး မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ ပင့်ဆောင်ကာ ပရိတ် နံ့သာရည် ပက်ဖျန်းခြင်းနှင့် ရတနာ ရွှေမိုးငွေမိုး ရွာသွန်းခဲ့သည်။
ကမာဝက်မြို့ရှိ ကမာဝက်အင်းကြီးအတွင်း ငါးရံ့မင်းစေတီ၊ နဂါးကိုးကောင် ဆုတောင်းပြည့် ဘုရားနှင့် အရှည် ၃၄၂ ပေ အနံ ၇ ပေခွဲရှိ မေတ္တာတံတားတို့ကို တည်ဆောက်ထားကြောင်း၊ ဘုရားဖူးပြည်သူများ အနေဖြင့် ဘဲလှေစီးကာ အင်းကြီး၏ သာယာလှပသောသော ရှုခင်းများကို ကြည့်ရှုခံစားနိုင်ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)