မုဒုံမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပြုလုပ်

မုဒုံ အောက်တိုဘာ ၁၉

ယခုအခါ ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်၍ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှုမရှိ စေရေး၊ ကြိုတင်ကာကွယ် သတိပြုနိုင်ကြရန်နှင့် မီးဘေးအန္တရာယ် လုံခြုံရေးများကို သိရှိနိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့က မွန်ပြည်နယ်၊ မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု​အခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မုဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိက အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မုဒုံမြို့ နယ်မီးသတ်ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မိမိတို့ဌာနမှ ပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး ကြိုတင်သတိပေး ဆောင်ရွက်ချက်များ၊ ပြည်သူများ မီးသုံးစွဲရာတွင် ပေါ့ဆမှု မရှိစေရေးအတွက် လိုက်နာ သတိပြုရမည့် အချက်များ၊ ယခုကာလ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ စျေးများ၊ စာသင်ကျောင်းများ၊ စက်ရုံ/ အလုပ်ရုံများ၊ တည်ခိုခန်းများနှင့် ရပ်ကွက်/ကျေးရွာတို့တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရေးအတွက် လိုက်လံစစ်ဆေးပြီး လိုက်နာရမည့် အချက်အလက်များကို အသိပညာပေး ဟောပြောခြင်း၊ လက်တွေ့ မီးငြှိမ်းသတ် သရုပ်ပြခြင်း၊ ဇာတ်တိုက် လေ့ကျင့်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မီးလောင်မှုများ ဖြစ်ပွားပါက မြန်(၃)မြန် ဖြစ်သည့် မြန်မြန်သိ၊ မြန်မြန်သွား၊ မြန်မြန်ငြှိမ်းသတ် ဆောင်ပုဒ်အတိုင်း ဆောင်ရွက်လျက်ရှိပြီး သင့်(၄)သင့် ဖြစ်သည့် စက်အသင့်၊ လူအသင့်၊ ယာဉ်အသင့်၊ ဆီအသင့်ဖြင့် ဆောင်ရွက်ထားရှိကြောင်း၊ ယခုနှစ်အတွင်း အောက်တိုလအထိ မုဒုံမြို့၌ မီးလောင်ဖြစ်ပွားမှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး ယခင်နှစ်ထက် မီးဘေးအန္တရာယ် ဖြစ်ပွားမှု လျော့နည်းလာကြောင်း၊ အများစုမှာ ပေါ့ဆမီးများ ဖြစ်ပြီး ပေါ့ဆမီးများကို ပြည်သူများအနေဖြင့် သတိရှိရှိ ကြိုတင် ကာကွယ်ကြရန် စသည်ဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)