ဒဂုံတောင် အောက်တိုဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး၊ ပြည်သူများ စာဖတ်သည့်အလေ့အထကောင်းများရှိစေရေး၊ စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ပြည်သူများစာပေကို လက်လှမ်းမီရရှိစေရေးရည်ရွယ်၍ ရပ်ကွက်နေပြည်သူများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်များငှားရမ်းပေးခြင်း၊ အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသပေးခြင်းများကို လစဉ်(၂)ပတ်လျှင်တစ်ကြိမ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ယနေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက သုတ၊ ရသ စာအုပ်(၅၀)သယ်ဆောင်၍ မြို့နယ်အတွင်းရှိ မြို့နယ်စီမံကိန်းရေးစွဲရေးဦးစီးဌာနရုံးနှင့် မြို့နယ်သမဝါယမဦးစီးဌာနရုံးများသို့ နယ်လှည့်စာကြည့်တိုက်အဖြစ် စာအုပ်၊ စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးသည်။
ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများက "မိမိတို့မှာ စာအုပ်များဖတ်ချင်သော်လည်း လုပ်ငန်တာဝန်များ ထမ်းဆောင်နေရသောကြောင့် သွားလာရန်အချိန်မပေးနိုင်သဖြင့် ယခုလိုရုံးအရောက် လာရောက်ငှားရမ်းပေးခြင်းကို ကျေးဇူးတင်ပါတယ် မိမိနှင့်မိမိတို့၏မိသားစုဝင်များ အားလပ်ချိန်တွင် ဖတ်ရှုနိုင်တယ်" ဟုပြောကြားကြပြီး သုတ၊ ရသစာအုပ်များကို စိတ်ပါဝင်စားစွာ ရွေးချယ်ငှားရမ်းကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံးသည် နယ်လှည့်စာကြည်တိုက်ဖြင့် ပြည်သူများအားဝန်ဆောင်မှုပေးခြင်း၊ ဌာနဆိုင်ရာများ၏ ပြည်သူ့အကျိုးပြု လုပ်ငန်းများအား We Love South Dagon Pageတွင် လွှင့်တင်ပေးခြင်း၊ ကလေးငယ်များ၊ လူငယ်လူရွယ်လေးများ၊ မိဘပြည်သူများအတွက် online မှ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဖတ်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ အထိမ်းအမှတ်နေ့များ ဂုဏ်ပြုတင်ဆက်ပေးခြင်း၊ မြို့နယ် ဌာနဆိုင်ရာများ၏လုပ်ငန်းဆောင်ရွက်ပေးမှုနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များအား ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာပေဗဟုသုတများပြည့်စုံသည့်မြို့နယ် စာရေးဆရာများအား ဖိတ်ကြား၍ Talk Show အစီအစဉ်များရိုက်ကူး၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်သူ့စာကြည်တိုက် Page မှ လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာမိုး (ဒဂုံတောင်)