ကော့မှူး အောက်တိုဘာ ၁၈
၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီဆီထွက်သီးနှံနေကြာစိုက်ပျိုးမည့်တောင်သူများအား ဆီထွက်သီးနှံနေကြာမျိုးစေ့များ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်က နေကြာစိုက်ပျိုးမှုနှင့်ပတ်သက်၍ စီမံကိန်းလျာထားဧကရာနှုန်းပြည့် စိုက်ပျိုးလျာထားဧကအား ရာနှုန်းပြည့်စိုက်ပျိုးသွားရန် လမ်းညွှန်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍တွံတေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ဦးက နေကြာသီးနှံစိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ စိုက်ပျိုးနိုင်သောမြေအမျိုးအစား၊ မျိုးရွေးချယ်ခြင်း၊ စိုက်ချိန်စိုက်စနစ်၊ စိုက်ကြောင်းအတိမ်အနက်၊ သွင်းအားစုထည့်သွင်း အသုံးပြုခြင်း၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝက စီမံကိန်းနေကြာရာနှုန်းပြည့်စိုက်ပျိုးရန်အတွက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဒေဝနှင့်တာဝန်ရှိသူများက တောင်သူများလက်ဝယ်အရောက် နေကြာမျိုးစေ့များပေးအပ်ခဲ့ကြောင်း သိရသည်။ ကော့မှူးမြို့နယ်တွင် နေကြာစိုက်မည့်ရပ်ကွက်ကျေးရွာ(၂၅)ရွာ၊ တောင်သူ(၁၇၇)ဦး၊ စိုက်ဧက(၅၀၇)ဧကစိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)