ပန်လုံမြို့ပြည်သူ့ဆေးရုံအတွက် အလှူငွေပေးအပ်ပွဲ ဟိုပန်၌ ပြုလုပ်

ဟိုပန် အောက်တိုဘာ ၁၈

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရှေ့တန်းအမှတ်(၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်များမှ ပန်လုံမြို့၊ပြည်သူ့ဆေးရုံအတွက် ဆေးရုံသုံးပစ္စည်းအလှူငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟိုပန်မြို့၊ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်း/ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်ကနုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ ဆက်လက်၍ ရှေ့တန်းအမှတ်(၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သက်အောင်ဇင်က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဥက္ကဋ္ဌ ဦးညီနပ်က ပန်လုံဆေးရုံအတွက် အလှူငွေ ကျပ်သိန်း(၅၀)နှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သက်အောင်ဇင်က အလှူငွေကျပ်သိန်း(၃၀)တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာပြည့်ကိုကိုက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ပန်လုံမြို့ ပြည်သူ့ဆေးရုံအတွက်  အလှူငွေပါဝင်လှူဒါန်းပေးသည့် ဗိုလ်မှူးချုပ်သက်အောင်ဇင်အား ဥက္ကဋ္ဌ ဦးညီနပ်က ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသောလူနာများကို ကြည့်ရှုအားပေးကာ ထောက်ပံ့ပစ္စည်းပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများကို အားပေးစကားပြောကြားခြင်း၊ ဆေးရုံဝင်းအတွင်း ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)