ပျဉ်းမနား အောက်တိုဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများ အား ခွာနာ၊ လျှာနာရောဂါကာကွယ်ထိန်းချုပ်ရေး စီမံချက်အဖြစ် ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ပြီး ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုး နှံပေးလျက်ရှိသည်။
"ပျဉ်းမနားမြို့နယ်အတွင်း ကျေးရွာတွေမှာရှိတဲ့ ကျွဲ၊ နွား ကောင်ရေ (၇၀၀၀)ခန့်ကို ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးအခမဲ့ထိုးနှံပေးသွားမှာဖြစ်ပါတယ်။ ခွာနာ၊ လျှာနာ ရောဂါဟာ ကျွဲ၊ နွားတွေမှာ ရာသီမရွေးဖြစ်ပွားလေ့ရှိတဲ့အတွက် လယ်ယာလုပ်ငန်းခွင်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ခွာနာ၊ လျှာနာ ရောဂါကာကွယ်ဆေးကို စီမံချက်အနေနဲ့ (၆)လလျှင် တစ်ကြိမ် ထိုးနှံပေးလျှက်ရှိပါတယ်"ဟု မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(မြို့နယ်ပြန်/ဆက်)