အင်းစိန်မြို့နယ်၌ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးလျက်ရှိပြီး ပြည်သူများအား နှာခေါင်းစည်း(၁၃၀၀)ခု အခမဲ့ဖြန့်ဝေ

ရန်ကုန်  အောက်တိုဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် စားသုံးနိုင်စေရန်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က  အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊(က-၇)လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ပေးခဲ့သည်။

ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏စီစဉ်ကြီးကြပ်မှုဖြင့် အင်းစိန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ ဆန်တစ်ပြည် (၁၇ဝဝ)ကျပ်၊ ကြက်ဥတစ်လုံး(၁၇၅)ကျပ်၊ ဆီတစ်ပိသာ(၄၁၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချစဉ် အင်းစိန်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသုခလှိုင်၊အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးသန့်ဇင်နှင့်တာဝန်ရှိသူများက ပြည်သူများအဆင်ပြေစေရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ဈေးဝယ်လာသူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်း(၁၃၀၀)ခုအား ပြည်သူများလက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို