မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တော်ဝင်မိုင်းယောင်းဆန်စက်၌ ဆန်ကြိတ်ခွဲနေမှု ကြည့်ရှုစစ်ဆေး

မိုင်းယောင်း အောက်တိုဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ မိုင်းယောင်းမြို့နယ် နမ့်ယွန်းကျေးရွာ တော်ဝင်မိုင်းယောင်းဆန်စက်၌ ဆန်ကြိတ်ခွဲနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။

တော်ဝင်မိုင်းယောင်း အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း တာဝန်ရှိသူများက တော်ဝင်မိုင်းယောင်း ဆန်စက်လုပ်ငန်းဆောင်ရွက်မှုအခြေအနေအား လိုက်လံရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးက ဆောင်ရွက်ပြီးသောလုပ်ငန်းများကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအောင်မြင်စေရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အဆိုပါ တန်(၄၀) အဆင့်မြင့်ဆန်စက်သည် ပေါက်ဈေးဖြင့် ဒေသထွက်ဆန်များကို ဝယ်ယူကြိတ်ခွဲပြီး အခြားဒေသကထွက်ရှိသော အရည်အသွေးတူ ဆန်များထက် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအား ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း