ပုဏ္ဏားကျွန်းမြို့နယ်၌ စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဏ္ဏားကျွန်း အောက်တိုဘာ ၁၈

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၂ ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ၂၂ ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပလိုကြောင်း၊ ယခင်နှစ်များက အတွေ့အကြုံများကိုအခြေခံ၍ ဘုံကထိန်ပွဲတော်ကြီးဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ ကထိန်ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းဆပ်ကော်မတီများ၊ ဘဏ္ဍာငွေ ကောက်ခံရေးကော်မတီ၊ ပွဲတော်ကျင်းပရေးလုပ်ငန်း ဆပ်ကော်မတီအသီးသီးတို့မှ တာဝန်ရှိသူများက ယခင်နှစ်များကဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ယခုနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက လိုသည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ရက် သတ်မှတ်နိုင်ရေးအတွက်  မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္က ဆရာတော်ကြီးနှင့်ညှိနှိုင်းတိုင်ပင်၍ မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သွားရန် ဆုံးဖြတ်ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)