လားရှိုး အောက်တိုဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယမန်နေ့ ညနေ(၄)နာရီခွဲအချိန်ကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်(လားရှိုး)၏ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးသင်တန်းဆင်းပွဲအခမ်းအနားကို Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဆင်း အမှာစကားပြောကြားရာတွင်" စွမ်းရည်မြင့်သင်တန်း ၅ ရက်တာကာလအတွင်း နည်းပြများက ပို့ချပေးလိုက်သည့် ဘာသာရပ်များကို ဝန်ထမ်းများအနေဖြင့် သင်တန်းပြီးပါကလည်း လေ့လာမှုကို ရပ်တန့်မသွားဘဲ ဆက်လက်လေ့လာသွားကြစေလိုကြောင်း၊ မိမိတို့ရုံးများတွင်ရှိသော လက်စွဲစာအုပ်များကို စဉ်ဆက်မပြတ် ဖတ်ရှုလေ့လာကြစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် စွမ်းရည်မြင့်မားတိုးတက်စေရေး အစဉ်လေ့လာ ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း၊ နောင်အနာဂတ် ကာလများတွင် ထူးချွန်ထက်မြတ်သော ဝန်ထမ်းကောင်းများ ဖြစ်ပေါ်လာစေရေး ယခုကာလမှစ၍ ကြိုးစားကြစေလိုကြောင်း" ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးစာရေးသားနည်းဘာသာရပ်၊ ငွေစာရင်း ထိန်းသိမ်းနည်းဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ သတင်းရေးသားခြင်း၊ သတင်းဓာတ်ပုံ/ ဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း ဘာသာရပ်များကို Online စနစ်ဖြင့် တွဲဖက်ပြည်နယ်မှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက (၁၃-၁၀-၂၀၂၂) ရက်နေ့မှ (၁၇-၁၀-၂၀၂၂)ရက်နေ့ အထိ(၅)ရက်ကြာ သင်ကြားပို့ချပေးခဲ့ကြပြီး သင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ခရိုင်/ မြို့နယ်/ မြို့ရုံးများမှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး