တာချီလိတ် အောက်တိုဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးမင်းမင်းဦးတို့သည် ရှမ်းပြည်နယ်အရှေပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင်နှင့်မိုင်းတုံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက်များလျာထားသတ်မှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက တာချီလိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက လာမည့် ၂၀၂၃ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ နှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မြို့နယ်အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး၊ ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးမှု စသည့်လူဦးရေစာရင်းများကို သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လစဉ် Update ဖြစ်အောင်ဆောင်ရွက်ရေး၊ မြို့နယ်အလိုက် မဲပေးပိုင်ခွင့်ရှိသူများ အဆင်ပြေချောမောစွာ ဆန္ဒမဲပေးနိုင်ရေး မဲရုံနေရာရွေးချယ်ချထားမှု၊ မဲရုံသုံးပစ္စည်းများဖြည့်ဆည်းခြင်းနှင့် လိုအပ်ချက်များကို ကြိုတင်ပြင်ဆင် ဖြည့်ဆည်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်နှင့် မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ရွေးကောက်ပွဲအရာရှိများက လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးမှုအခြေအနေများ၊ အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး ပြောင်းဝင်၊ ပြောင်းထွက်၊ သေဆုံးမှုစသည်များကို လစဉ်ပူးပေါင်းကွင်းဆင်း၍ တိုက်ဆိုင်စိစစ်ဆေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး မိုင်းဆတ်ခရိုင်နှင့်မိုင်းတုံခရိုင်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့် တပ်နယ်တာဝန်ခံတို့က ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် အစည်းအဝေး ဆက်လက်ကျင်းပပြုလုပ်ရာ တာချီလိတ်ခရိုင်နှင့် တာချီလိတ်မြို့နယ် ရွေးကောက်ပွဲအရာရှိများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ တပ်နယ်တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု(၃၁)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲများက ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း သိရှိရသည်။
ထို့နောက် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးနှင့် ဦးမင်းမင်းဦးတို့သည် လျာထားမဲရုံများဖြစ်သည့် အမက(ဟွေခိုက်)၊ ခမရ-၃၅၉ တပ်ရင်းခန်းမ၊ ဝိန်းကျောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အထက(တာချီလိတ်)၊ မိုးသောက်ကြယ်နှင့် အောင်မြတ်ခန်းမတို့ကို ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အေးအေးလတ်(ခရိုင်ပြန်/ဆက်)