စဉ့်ကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

စဉ့်ကူး အောက်တိုဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်တင်ဇာလွင်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စတင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကျောင်သား၊ ကျောင်းသူ(၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲဝင်ကြသည့် ကျောင်းသား/ ကျောင်းသူများအား စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နုက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ စာအုပ်ပြပွဲကိုကျင်းပရာ ပညာရပ်မျိုးစုံပါဝင်သော သုတရသစာအုပ်များ၊ ကလေးများအတွက် သိမှတ်ဖွယ်ရာစာအုပ်စာစောင်များအား စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားရာ ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာ လာရောက်လေ့လာခဲ့ကြသည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများ၊ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရန်၊ စိတ်လက်ပေါ့ပါးပျော်ရွှင်စေရန်၊ အစုအဖွဲ့အတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စာကြည့်တိုက်ကိုအသုံးပြုတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင်