ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများစွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

တောင်ကြီး အောက်တိုဘာ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို တောင်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့နံနက်(၉)နာရီက Viedo Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး ဦးစိုးညွှန့်ရွှေက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် “ဝန်ထမ်းများအနေဖြင့် စွမ်းဆောင်ရည် မြင့်မားလာစေရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးစီးချိန်တွင် မိမိတို့ဌာန၏ လုပ်ငန်းများအား ယခင်ထက်ပိုမို စွမ်းဆောင်နိုင်ရန် ယခုသင်တန်းတွင်ပို့ချမည့် သင်ခန်းစာများအား စနစ်တကျမှတ်သား လိုက်နာရန်လိုအပ်ကြောင်း၊ သင်တန်းနည်းပြများမှလည်း သင်ခန်းစာများအား စနစ်တကျသင်ကြားပို့ချပေးရန် လိုအပ်ကြောင်း  ​ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး အဆိုပါသင်တန်းတွင် ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ရုံးစာရေးသားနည်း ဘာသာရပ်၊ ငွေစာရင်း ထိန်းသိမ်းနည်း ဘာသာရပ်၊ နိုင်ငံဝန်ထမ်းဥပဒေ/နည်းဥပဒေများ၊ နိုင်ငံဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာစံတန်ဖိုးများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ သတင်းရေးသားခြင်း၊ သတင်းဓာတ်ပုံ/ ဗီဒီယိုရိုက်ကူး တည်းဖြတ်ခြင်း ဘာသာရပ်များကို Online စနစ်ဖြင့် တွဲဖက်ပြည်နယ်မှူး၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက (၁၈-၁၀-၂၀၂၂)ရက်နေ့မှ (၂၂-၁၀-၂၀၂၂)ရက်နေ့အထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့  ရှမ်းပြည်နယ်၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ဝန်ထမ်းများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း