မိုင်းယန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲ ဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်သိန်း က သင်တန်းဖွင့်လှစ် သင်ကြား ပို့ချရခြင်းရည်ရွယ်ချက်နှင့် သင်ကြားပို့ချမည့် အခန်းကဏ္ဍများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူတို့က သက်ဆိုင်ရာကဏ္ဍအလိုက် သင်ခန်းစာများ ပို့ချကာ သင်တန်းတက် ရောက်ကြ သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။
သင်တန်းတွင် မဲစာရင်းပြုစုခြင်း၊ မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာခြင်း၊ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ ရပ်ကွက်ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်၊ အငြင်းပွားမှုများဖြေရှင်းခြင်းနှင့် မဲရုံအဖွဲ့ ဝင်များ၏ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မဲရေတွက်ခြင်းနှင့်ရလဒ်များ ထုတ်ပြန်ကြေညာခြင်းများကို တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်း ကိုဗစ်- ၁၉ ရောဂါကာလ ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ နှစ်ရက်ကြာ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်လျက်ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ထွန်းထွန်းထူး (မိုင်းယန်း)