ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်

ကျိုင်းတုံ အောက်တိုဘာ ၁၈

လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ကျိုင်းတုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့က ကျိုင်းတုံမြို့နယ် မိုင်းပတ်(အထက်)အုပ်စု၊ ဖာပဲကိုကျေးရွာ၊ ခရစ်ယာန်ဘုရားကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသလုံခြုံရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ကျေးရွာနေတိုင်းရင်းသားများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ ပညာရေး၊ ပြန်ကြားရေး၊ စိုက်ပျိုးရေး၊ သစ်တော၊ လမ်းတံတား၊ ဆည်မြောင်းနှင့် လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သက်ဆိုရာကဏ္ဍအလိုက် ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများ၏ မေးမြန်းတင်ပြချက်များအပေါ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျက်စီး၊ ပျောက်ဆုံးသူများအား အသစ်ပြုလုပ်ပေးခြင်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်နိုင်(ကျိုင်းတုံ)