လှည်းကူးပညာရေး ဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းကျင်းပ

လှည်းကူး အောက်တိုဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁)နာရီက လှည်းကူးပညာရေး ဒီဂရီကောလိပ်ပညာ အားမာန်ခန်းမတွင် လူငယ်စကားဝိုင်း ကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် “လူငယ်တွေအနေနဲ့ ဒီစကားဝိုင်းကနေ အသိဉာဏ်ပညာဗဟုသုတ တွေပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင်ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ လူငယ်အချင်းချင်းတစ်ဦးနှင့်တစ်ဦး အသိပညာတွေ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စသည့်ရည်ရွယ်ချက် ကောင်းများဖြင့်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပြီး လှည်းကူးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်အေးအေးလွင်က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ကိုရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ လှည်းကူးပညာရေးဒီဂရီကောလိပ်၊ ပညာရေးဌာနမှနည်းပြ ဒေါ်စုမြတ်အောင်နှင့် ကျောင်းသား/သူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်အလုပ်အကိုင်၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူ များက သိရှိလိသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြား‌ပေးခဲ့ကြသည်။ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လှည်းကူးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)